Sunday, October 19, 2014

PR စနစ်ကျင့်သုံးရေးအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဒေါ်ခင်ဝိုင်းကြည်နှင့် PR စနစ်အား ကန့်ကွက်ကြောင်း မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြမည်


၂၀၁၄-၁၀-၁၉
နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒရှင်ပြည်သူများက ပီအာရ်စနစ် ကျင့်သုံးရေးအဆိုကို အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည့် ဒေါ်ခင်ဝိုင်းကြည်နှင့် ပီအာရ်စနစ်
ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ဆန္ဒပြရသည့်အကြောင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်သည် ပီအာရ်စနစ်ကျင့်သုံးရန်အဆိုအား လွှတ်တော်သို့ တင်သွင်းမည့်အကြောင်းရင်းကို မဲဆန္ဒရှင်
 ပြည်သူများအား တွေ့ဆုံပြောပြမှု မရှိခြင်း၊ ပြည်သူများ၏ ဆန္ဒမပါဝင်ဘဲ ပီအာရ်စနစ်ကို
လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့်သူတစ်ဦးက
 ပြောကြားသည်။

ဆန္ဒပြပွဲကို မြောက်ဥက္ကလာပမြို့နယ် တစ်မြို့နယ်လုံးရှိ မဲဆန္ဒရှင်များက ပူးပေါင်းပြုလုပ်သွားမည်ဖြစ်
ကာ သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်သွားမည်ဖြစ်ကြောင်းနှင့် မြောက်ဥက္ကလာပ ၂ ရပ်ကွက်တွင် စုရပ်အဖြစ်သတ်မှတ်ပြီး မြောက်ဥက္ကလာအဝိုင်း၊ ခေမာသီလမ်းမတစ်လျှောက် စီတန်းလှည့်လည် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါဝင်မည့် မဝါ က အောက်တိုဘာ ၁၆ ရက်တွင်
 ပြောကြားသည်။

 ၎င်းက“ကျွန်မတို့မနေ့က အစည်းဝေးလုပ်ကြတယ်။ အစည်းဝေးဆုံးဖြတ်ချက်အရ ဆန္ဒပြပွဲကို လာမယ့်နိုဝင်ဘာ ၁ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ၁၉ ရပ်ကွက်က ပြည်သူတွေအားလုံးက ဒေါ်ခင်ဝိုင်းကြည်နဲ့ ပီအာရ်စနစ်ကို ကန့်ကွက်သွားမှာ
 ဖြစ်ပါတယ်”ဟု အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

အဆိုပါ ဆန္ဒပြမည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က
“သူတို့အနေနဲ့ ဥပဒေဘောင်အတွင်းက ဆန္ဒပြတာက သူတို့လုပ်ပိုင်ခွင့်ပါ။ ကျွန်မကတော့ သူတို့ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ နွေးထွေးစွာကြိုဆိုပါတယ်” ဟု
 အောက်တိုဘာ ၁၆ ရက်က ပြောကြားသည်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ ကိုမြတ်ကျော်က“ပီအာရ်စနစ်ကို ကန့်ကွက်တာက ကျွန်တော်တို့မူဖြစ်ပါတယ်။ ဒါကြောင့် ဒီကန့်ကွက်ဆန္ဒပြပွဲကို ကျွန်တော်တို့အတူ ပူးပေါင်းပါဝင်
သွားမှာဖြစ်တယ်”ဟု ပြောကြားသည်။

လာမည့် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ပြည်သူများကလည်း
 ပီအာရ်စနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒပြမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။ပီအာရ်စနစ်နှင့်
 ၎င်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား မဲဆန္ဒရှင်ပြည်သူများက စက်တင်ဘာ ၂၈ ရက်ကလည်း ကန့်ကွက်ဆန္ဒပြမှု
တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
--
Written by:.ဥာဏ်ဝင်းရှိန်
..
စက်တင်ဘာ ၂၈ ရက်က ပုဇွန်တောင်မြို့နယ်၌ ပြုလုပ်ခဲ့သည့် ပီအာရ်စနစ် ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲမြင်ကွင်း (ဓာတ်ပုံ-အောင်ကျော်ထက်)